Sunday 28 August 2011

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ

                                                            

Posted by shwewunyatana On 1:15 AM No comments

                 ဂျိုဟိုးမြို့လီမာကရိုင်းရွှေညီအကိုမောင်နှမများ၏ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ(၇.၈.၁၁)

                                                          
(၁) စိတ်ဓါတ်အောက်တန်းကျသူ


စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာ

သင်ယူထားတဲ့ ခေတ်ပညာတွေ ဘယ်လောက်ဘဲတတ်စေကာမူ၊

ဘွဲ့တွေ
ရာထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း ချမ်းသာစေကာမူ

လူတော်မဟုတ်၊ လူကောင်းလည်းမဟုတ်၊

စာပေလုံးဝ မတတ်သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေဖြစ်တယ်။


(၂) မေတ္တာစိတ်သာ ထားနေရင်

သတ္တ၀ါအားလုံးအပေါ်
မေတ္တာစိတ် အမြဲထားနေပါက
စိတ်ချမ်းသာ၏ မှတ်။


(၃) စိတ်ရင်းစေတနာ

စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူဖြစ်နိုင်တယ်။
မိမိစိတ်ထားက အလယ်အလတ်ရှိလျှင် အလတ်တန်းစားလူဖြစ်ရ၏။
မိမိစိတ်က အောက်တန်းကျလျှင် အောက်တန်းစားလူဖြစ်ရမည်။
စိတ်ရင်းစေတနာသည်
လူတန်းစားကို ခွဲခြားနေသော တရားခံလက်သည်ဖြစ်လေသည်။

(၄) စိတ်သည်အဓိက


လူဆိုတာ စိတ်ရယ်၊ ရုပ်ခန္ဓာရယ်၊ နှစ်မျိုးပေါင်းစပ်ထားတယ်ဆိုတာသိကြရဲ့လား။
စိတ်ဟာ အဓိကဖြစ်တယ်၊ စိတ်ကောင်းရင် လူကောင်းတယ်။
စိတ်မကောင်းရင် လူမကောင်းဘူး။
ရှေးခေတ်လူတွေကောင်းကြတယ်ဆိုတာ စိတ်ကောင်းလို့
စိတ်ထားရိုးသားကြလို့ ကောင်းတာ၊
ခုခေတ်လူတွေမကောင်းဘူးဆိုတာ ရိုးသားတဲ့စိတ်၊ ဖြောင့်မတ်တဲ့စိတ်
မထားကြလို့ မကောင်းတာဘဲ၊ ဒီတော့ဒီလူတွေကောင်းလာအောင်
စိတ်ထားနည်း ပြုပြင်ပေးကြဖို့လိုတယ်။
စိတ်ပျက်စရာစကားတွေပြောပြီး ညည်းညူနေလို့တော့
ဒီခေတ်လူတွေကောင်းလာမှာ
မဟုတ်ဘူး။ အဲဒါလိုရင်းအညှာကို မင်းတို့ သိကြအောင် ညွှန်ပြပေးတာဘဲ။

(၅) ဒေါသစိတ်ဟာ ကိုယ်တွေ့


စိတ်ဆိုးလာတယ်။ အဲဒီစိတ်ဆိုးတဲ့စိတ်ကို ကိုယ်ကဆင်ခြင်ကြည့်ရင် မသိဘူးလား၊
သိနိုင်တာဘဲ။
စိတ်ဆိုးတဲ့စိတ်က သာပြီး ပေါ်လွင်သေးတယ်။ တစ်ခါတည်းကို သူဖြစ်လာပြီဆိုရင်
စိတ်ထဲသူပုန်ထတော့တာဘဲ၊ အဲဒါကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဒေါသစိတ်ဟာ
ကိုယ်တွေ့၊ သူများပြောလို့မဟုတ်ဘူး။


(၆) မုန်းစိတ်ကင်းခြင်းသည်သာ

သူတစ်ပါးက အသင့်ကို မုန်းစိတ်ထားသူရှိချင်ရှိပါစေ။

သင်တို့ ငါတို့က သူတစ်ပါးအပေါ်၌ မုန်းစိတ်ကင်းခြင်းသည်သာ

မူမှန်ဖြစ်၍မြတ်ပါသည်။

ထိုသို့နေသောအခါ သင်တို့ ငါတို့အဖို့ ပထမဆုံးရောက်လာမည့်

ကောင်းကျိုးတရားကား

စိတ်ချမ်းသာမှု၊
ကြည်လင်ပျော်မွေ့မှုကို လက်ငင်းခံစားရခြင်း ပင်တည်း။


(၇) ပင်တိုင်စိတ်ကောင်းကြောင့်
လောကတွင် ရိုးသားသောစိတ်၊ ဖြောင့်မတ်စိတ်၊ တည်ငြိမ်စိတ်ကို
အဓိက ပင်တိုင်ထားရမည်။
ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ ၀ီရိယစွမ်းအင်ကို အခြေအနေအလျောက်
အရင်းတည်ပြီး မနေမနား ကြိုးစားနေလေ့ရှိသူများသည်
ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။
မရိုးသားသူများအပေါ် ကျော်တက်သွားကြသည်။
ရိုးသားဖြောင့်မတ်သူများသည် မဖြောင့်မတ်သူများကို နောက်ချန်ထားခဲ့ကြသည်။

(၈) သေခါနီးစိတ်အာရုံ


ငါသေတော့မည်ဟု ထင်မှတ်ရသော အချိန်ပိုင်းတွင် မိမိ၏ စိတ်အာရုံကို

ကြည်လင်အောင်
ရှင်းရှင်းထား၍ နေပါ။

သံယောဇဉ်ဟူသမျှ ဘာသံယောဇဉ်မှ
(ပစ္စည်း သံယောဇဉ်၊ လူ့သံယောဇဉ် စသည်) မိမိ၏ စိတ်အာရုံတွင်

ဝင်ရောက် မလာစေရ။ ၀င်ရောက်လာလျှင် ဖယ်ထုတ်ပစ်ပါ။

မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်စသည် တို့တွင်

မိမိ စိတ်ဝင်စား၍ အနှစ်သက်ဆုံးသော ကုသိုလ်အာရုံတစ်ခုခု

ထပ်ပြန်တလဲလဲစွဲနေအောင် နှလုံးသွင်း၍ ကျေနပ် ၀မ်းမြောက်နေ ရမည်။
ကုသိုလ်အာရုံတစ်ခုခုကို စိတ်ကြည်လင်အောင် နှလုံးသွင်း၍ စိတ်ဝင်စားကာ
ပျော်မွေ့ရင်း သေသွားတတ်ရမည်။


(၉) မေတ္တာစိတ်သာထားနိုင်မယ်ဆိုရင်

စိတ်ကို ရှင်းရှင်းထား။ ရှင်းရှင်းထားဆိုသည်မှာ စိတ်ထားခြင်းကို ဆိုလိုတယ်။
လောကကြီးမှာ မေတ္တာလောက်ကောင်းတာ ဘာမှမရှိဘူး။
မေတ္တာလောက်ကောင်းတဲ့ အဆောင်ကောင်း တခြားဘာမှ မရှိနိုင်ဘူး။
မေတ္တာစိတ်သာ ထားနိုင်မယ်ဆိုရင် သံသရာလည်ရမှာတောင် မကြောက်နဲ့။
မေတ္တာတရား လက်ကိုင်ထား သံသရာခရီးသွား မပင်ပန်းဘူးမှတ်။


(၁၀) စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော
လူများဟာ ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့
ပြောလေ့ရှိကြတယ်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းကိုဘယ်သူကမှ လာရောက်
ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်တယ်။
ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။
စေတနာကောင်းလျှင်ကံကောင်းမယ်၊ စေတနာဆိုးလျှင် ကံဆိုးမယ်။
စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊ စေတနာ ကောက်လျှင် ကံကောက်မယ်။

                            ဤစာသားကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်။
                                                                        ရွှေဝန်းရတနာ

                                                       
                                                                
                                                          
                                                             
                                                                
                                                            
                                                         
                  လီမာကရိုင်းရွှေညီအကိုမောင်နှစ်မများမှဝါဆိုသင်္ကန်းဆက်ကပ်နေစဉ်(၇.၈.၁၁)                  ( ကင်မရာမင်းကဘယ်လိုရိုက်လဲမသိဘူးဘုန်းကြီးပုံတွေကမပါဘူးလူပုံတွေဘဲရိုက်တယ်)

                                                               
                                                                     
           ပြုပြုသမျှကုသိုလ်ကောင်းမှု့တွေကိုရေစက်သွန်းချအမျှတန်းပေးဝေနေကြစဉ်(၇.၈.၁၁)                                                
Read Full story              ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ။ရွှေဝန်းရတနာ..        

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ

                                                                           
                         အမေစုမှသီတဂူဆရာတော်အားလှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းနေစဉ်။

                                                                
တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက
“တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊
တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..“
ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။
ဟိုတစ်လောကလည်း ကလေးမလေးတွေက
”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊
မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊
ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊
မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…”တဲ့။
မှန်ပါတယ်။
ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။
အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊
နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။
ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။
တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့
အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။
အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။
လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။
ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ
နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။
ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊
အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။
သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။
ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။
ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။
မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။
အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။
အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။
ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။
ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို
အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊
ခွဲခြားဆက်ဆံတဲ့ သဘော၊
ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။
အမျိုးသမီးများကိုလည်း
လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။
တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။
အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။
အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။
အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။
နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။
ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။
အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။
ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။
သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။
ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။
ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။
သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။
ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။
အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။
ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက “မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား“ ဆိုတဲ့စကားပါ။
ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်
နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊
မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း
စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။
ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊
အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။
အချုပ်အားဖြင့် ပြောချင်တာက
ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊
ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့်
စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။
အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက်
အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်
ယုတ်နိမ့်တဲ့သူများ၊
အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။
ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။
ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။
ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ
အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်
အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင်
နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက်
ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ
အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊
အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါတယ်
http://www.venvicitta.com/ မှ ကူးယူဖော်ပြပါသည်။

                     သီတဂူဆရာတော်မှအမေစုအားရုပ်ပွာတော်မြတ်ကိုလှူဒါန်းစဉ်။

                            သီတဂူဆရာတော်ဘုရားနှင့်အမှတ်တရ။

                                                                          
                               အမျိုးသမီးတိုင်းနိဗ္ဗာန်ရောက်ခွင့်ရှိသည်။

                                                                
                                 ပထမဆုံး ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ
                               အမျိုးသမီးတိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်ရှိသည်။
                                 
                       ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ။ရွှေဝန်းရတနာ(၂၃.၈.၁၁)

Tuesday 16 August 2011

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲ

                                                     
                                                     "ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊
ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊
ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊
အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"

"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"


"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...

(ဓမ္မဒူတ အရှင်ပညာဇောတ)

[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊စာ-၃၀)

                                       ဤပိုစ်ကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်။
                                                                                           ရွှေဝန်းရတနာ
                    
                                                         
                                     ဒီလိုသေနာသနဝတ်ဆိုတာအမြဲရှိရတယ်
               
                           သူတို့လေတွေလဲသာသနာကိုအုတ်တစ်ချပ်သဲတစ်ပွင့်ကျရာနေရာကနေ
                                                        တာဝန်ယူနေကြတယ်လေ။
                           သူတို့လေးတွေကဗုဒ္ဓဘာသာမျိုးဆက်သစ်လေးတွေပေါ့။